Search

အစားအစာလေလွင့်မှု (Food Waste) က သဘာဝပတ်ဝန်းကျင်အပေါ်ဘယ်လိုထိခိုက်နေသလဲ?

EHS Myanmar | 29.9.2021

.

ယနေ့ ကမ္ဘာကြီးတွင် ဆာလောင်မွတ်သိပ်မှုဒဏ်ကို ခံစားနေရသောသူအ‌ရေအတွက်မှာ တစတစ မြင့်တက်လာလျက်ရှိသည်။ သို့ဖြစ်၍ အစားအသောက်ပိုလျှံမှုနှင့် အလဟဿဖြစ်မှုများကို လျှော့ချရမည်မှာ မဖြစ်မနေ ဆောင်ရွက်သင့်သော ကိစ္စတစ်ရပ်ပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ လူသားများသည် ၂၀၁၄ ခုနှစ်မှ စတင်၍ အစားအသောက်အပိုအလျှံ (food waste)များကို တန်နှင့်ချီ၍ စွန့်ပစ်နေကြပါသည်။

.

ထို့ကြောင့် ပြည်သူလူထုနှင့် ပုဂ္ဂလိကအဖွဲ့အစည်းအသီးသီးတို့အား အစားအသောက်ပိုလျှံမှုနှင့် ဆုံးရှုံးမှုများ နည်းပါးစေရန် တီထွင်ကြံဆမှုများ၊ အရေးပေးဆောင်ရွက်မှုများအား အရှိန်မြင့်လုပ်ဆောင်ရန် ထောက်ပြလှုံ့ဆော်သည့်နေ့အဖြစ် စက်တင်ဘာလ ၂၉ရက်နေ့ကို "International Day of Awareness of Food Loss and Food Waste" အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ ယင်းနေ့ကိုဂုဏ်ပြုသောအားဖြင့် ယခုဆောင်းပါးကိုရေးသားလိုက်ရပါ သည်။

.

ကောက်ပဲသီးနှံရိတ်သိမ်းချိန်မှ လက်လီရောင်းမချခင် အဆင့်အထိ ကြားထဲတွင် ဆုံးရှုံးသွားသော အစားအစာများကို Food Loss ဟုခေါ်ကာ လက်လီရောင်းချသည့်အဆင့် သို့မဟုတ် စားသုံးသူများထံရောက်ရှိသွားသည့် အဆင့်၌ အလဟဿဖြစ်သွားသော အစားစာများကို Food Waste အဖြစ်သတ်မှတ်ပါသည်။

.

တကမ္ဘာလုံးအတိုင်းအတာဖြင့် တွက်ချက်ပါက အစားအသောက်ထုတ်ကုန်စုစုပေါင်း၏ (၁၇%) သည် အလဟဿစွန့်ပစ်ခံရလျက်ရှိသည်။ လူသားတို့သည် မိမိတို့ လိုအပ်သည့်စားနိုင်သည့် အတိုင်းအတာပမာဏထက် ပိုမိုဝယ်ယူကြသည်။ ထို့နောက် အစားအသောက်များကို လက်လွတ်စပယ် စွန့်ပစ်မှုများသည် အကျင့်တစ်ခုဖြစ်လာကြသည်။ အစားအစာတစ်ခု အလဟဿဖြစ်သွားလျှင် ယင်းကို ထုတ်လုပ်ရာတွင် ပါဝင်သည့် ရေ၊မြေ၊စွမ်းအင်နှင့် လုပ်အားအရင်းအနှီးများမှာလည်း အလဟဿ ဖြစ်သွားပါသည်။ ထိုမှတဆင့် စားနပ်ရိက္ခာဖူလုံရေးကိုလည်း သက်ရောက်မှုများရှိပြီး စားသောက်ကုန်ဈေးနှုန်းစရိတ်များကိုလည်း မြင့်တက်စေနိုင်ပါသည်။ ထို့ပြင် သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ကိုလည်း ဖိအားပေးယိုယွင်းစေပါသည်။ အထူးသဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ (Greenhouse gas) ထုတ်လုပ်မှုကို မြင့်တက်စေကာ ရာသီဥတုပြောင်းလဲမှုဖြစ်စဥ် (Climate Change) လည်း ဖြစ်‌ပေါ် စေနိုင်သည်။

.

ကျွန်ုပ်တို့၏ Food system ရေရှည်တည်တံ့ရန်အတွက် ယခုကတည်းကပင် ဖြေရှင်းနည်း၊ တီထွင်ကြံဆမှုများကို အဖြေရှာ‌ ဆောင်ရွက်ခြင်းများမရှိပါက ပြိုလဲသွားနိုင်သည့် အနေအထား တစ်ရပ် ဖြစ်လာပါလိမ့်မည်။

.

ထို့ကြောင့် အစားအသောက်များ အလဟဿမဖြစ်တော့စေရန် ဆောင်ရွက်သင့်သည့်‌ အချက် (၁၅)ချက်ကို အောက်ပါအတိုင်းဝေမျှပေးလိုက်ပါသည်။


၁။ ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်မှုပုံစံ ရှိပါစေ။


၂။ လိုအပ်သည့်ပမာဏကိုသာ ဝယ်ယူစားသုံးပေးပါ။


၃။ အမြင်ပန်းမလှသည့် ဟင်းသီးဟင်းရွက်များကိုလည်း ရွေးချယ်စားသုံးပေးပါ။


၄။ အစားအစာများ စနစ်တကျ သိုလှောင်ရန်လိုပါတယ်။


၅။ ဝယ်ယူမည့်စားသောက်ကုန်၏ ပါဝင်ပစ္စည်း နှင့် ထုတ်လုပ်သည့်နေ့ စသည်တို့ကို နားလည်သဘော ပေါက်ရန်လိုအပ်ပါတယ်။


၆။ စားကြွင်းစားကျန်များကို ပြန်လည်တီထွင်ချက်ပြုတ်လို့ရလျှင် ချက်ပြုတ်စေလိုပါတယ်။ (ဥပမာ- ပန်းသီခွံများကိုရေနွေးပူပူဖြင့်ကြို၍ ကျန်းမာရေးကောင်းစေတဲ့ Apple Honey Tea ၁ခွက် ဖြစ်စေ ပါတယ်။)


၇။ စွန့်ပစ်လိုက်တဲ့ စားကြွင်းစားကျန်များကို မြေဆီလွှာအတွက် compost ပြန်လုပ်လို့ရနိုင်ပြီး သဘာဝမြေဆွေးအဖြစ်ပြုပြင်ပြောင်းလဲလိုက်ပါ။

၈။ ဒေသခံထွက်အစားအသောက်များ အားပေးပါ။ ဒေသခံများထံမှ ဝယ်ယူသုံးစွဲပါ။ ပြည်တွင်းဖြစ် ကိုအားပေးရန်လိုပါတယ်။


၉။ ငါး အကောင်ရေကိုထိန်းသိမ်းရန် ရှားပါးသည့် ငါးမျိုးစိတ်များကို လျှော့စားပါ။ (ဥပမာ- တူနာငါး)


၁၀။ အစားအစာထုတ်လုပ်ရာ၌ ရေသည် မပါမဖြစ် ဖြစ်သည့်အတွက် ရေသန့်များကို လျှော့သုံးပါ။

၁၁။ အဆိပ်အတောက်ဖြစ်စေသည့် ဓာတုပစ္စည်း၊ ဓာတ်မြေဩဇာများမသုံးဘဲ မြေဆီလွှာနဲ့ ရေကို သန့်ရှင်းမှုရှိပါစေ။


၁၂။ ပဲမျိုးစုံနဲ့ ဟင်းသီးဟင်းရွက်ကို များများစားသုံးကြပါ။


၁၃။ Sharing is caring ဆိုသည့်အတိုင်း အစားအစာများကို အလဟဿမဖြစ်စေဘဲ အိမ်နီးနားချင်း၊ ဆွေမျိုး အစရှိသဖြင့် မိမိမိတ်ဆွေများထံဝေမျှပေးပါ။


နိဂုံးချုပ်ရသော် ကျွန်ုပ်တို့၏ နေ့စဉ်အမူအကျင့်များကို အနည်းငယ်မျှ ပြောင်းလဲပေးခြင်းသည်ပင် တကမ္ဘာလုံးအပေါ် ကြီးမားသည့် အကျိုးသက်ရောက်မှုများမှ ဆောင်ကျဉ်းပေးနိုင်ပါလိမ့်မည်ဟု ပြောကြားရင်း…။


ရတနာ မှပြုစုရေးသားသည်။


ကိုးကား - International Day Awareness Food Loss and Waste, FAO


EHS Myanmar မှရေးသားသော သဘာဝပတ်ဝန်းကျင်ဆောင်းပါးများကို မပြတ်ဖတ်နိုင်ဖို့ အခုပဲ Telegram Channel ကို join လိုက်ပါ။ https://t.me/ehsmyanmar


#EHSMyanmar #StopFoodLossAndFoodWaste #ForOurPeople #ForOurPlanet