Search

လူသားတို့၏လုပ်ရပ်များကြောင့် ဇီဝမျိုးစုံမျိုးကွဲ ဆုံးရှုံးမှုများ

EHS Myanmar | 17.10.2021


ဇီဝမျိုးစုံမျိုးကွဲ (Biodiversity) ဆိုသည်မှာ ကျွန်ုပ်တို့သဘာဝပတ်ဝန်းကျင်တွင်ရှိသော သက်ရှိမျိုးစိတ်များအားလုံး (အပင်၊တိရိစ္ဆာန်များ၊မှိုနှင့် သေးငယ်သော ဘက်တီးရီးယားများစသည်) ကို ဆိုလိုခြင်းဖြစ်ပါသည်။ ဇီဝမျိုးစုံမျိုးကွဲများတွင် ၁။ မျိုးရိုးဗီဇကွဲပြားမှု(Genetic Diversity) ၂။ မျိုးစိတ်ကွဲပြားမှု(Species Diversity) ၃။ ဂေဟစနစ်ကွဲပြားမှု(Ecosystem Diversity) စသည်တို့ ပါဝင်ပါသည်။ . ကမ္ဘာ့လူဦးရေ တစတစတိုးပွားလာသည်နှင့်အမျှ လူသားတစ်ဦးချင်းစီတိုင်း၏ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှုမှာလည်း တစတစမြင့်တက်လာပါသည်။ ဤကဲ့သို့ ထုတ်ယူသုံးစွဲမှုများသည် ဇီဝမျိုးကွဲများအပေါ် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း သက်ရောက်မှုများ ရှိနေပေသည်။ ၂၀၁၉ခုနှစ် Global Assessment Reportတွင် တိရိစ္ဆာန်နှင့် အပင်မျိုးစိတ်ပေါင်း ၁ မီလီယံခန့်သည် မျိုးသုဉ်းသွားနိုင်သည့် အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း ဖော်ပြထားပါသည်။ ဤပမာဏသည် လူ့သမိုင်းတလျှောက်တွင် အမြင့်မားဆုံး ပမာဏတစ်ရပ်ပင် ဖြစ်ပါသည်။ . ဇီဝမျိုးစုံမျိုးကွဲများအပေါ် သက်ရောက်မှုများ ဖြစ်စေသော လူသားတို့၏လုပ်ရပ်များမှာ-


၁။ မြေယာချဲ့ထွင်မှုများ ၂။ ပတ်ဝန်းကျင်ညစ်ညမ်းမှုများ (pollution) ၃။ သဘာဝသယံဇာတများ အဆမတန်ထုတ်ယူသုံးစွဲမှုများ ၄။ ကျူးကျော်မျိုးစိတ်များ ဝင်ရောက်မှုများ (Invasive species) စသည်တို့ ဖြစ်ကြပါသည်။

.

၁။ မြေယာချဲ့ထွင်မှုများ

လူသားတို့၏ နေထိုင်ရန်အတွက် အဆောက်အဦးများ၊ စားနပ်ရိက္ခာအတွက် စိုက်ပျိုးမြေများ၊ စက်မှူလုပ်ငန်းများအတွက် မြေနေရာများ အစရှိသည့်မြေယာလိုအပ်မှုများအတွက် တောတောင်ပတ်ဝန်းကျင်ကို ရှင်းလင်းချဲ့ထွင်လျက်ရှိကြသည်။ ထိုကဲ့သို့သော ချဲ့ထွင်မှုများကြောင့် ယင်းပတ်ဝန်းကျင်ရှိ တိရိစ္ဆာန်လေးများ၏ နေထိုင်ရာ အသိုက်အမြုံများ၊ ယင်းဒေသရှိ အပင်မျိုးစိတ်များ ဆုံးရှုံးသွားရသည်။


၂။ ပတ်ဝန်းကျင်ညစ်ညမ်းမှုများ(Pollution)

လူသားများ၏ လုပ်ရပ်များကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိသည်ကို ကျွန်ုပ်တို့အားလုံး‌သိရှိပြီးဖြစ်ပါသည်။ ယင်းတို့အနက်စက်ရုံအလုပ်ရုံများမှ အဆိပ်အတောက်ပါရှိသော ရေဆိုးရေညစ်များအား မြစ်‌၊ချောင်းများအတွင်းသို့ စွန့်ပစ်နေခြင်းသည် ရေနေသတ္တဝါမျိုးစိတ်များအတွက် ကြီးမားသည့်အန္တရာယ်တစ်ခုပင် ဖြစ်ပါသည်။ ထို့ပြင် စိုက်ပျိုးရေး‌တွက် အသုံးပြုသော ဓာတုမြေဩဇာများ(nitrogen fertilizers)တွင် ပါရှိသည့် နိုက်ထရိုဂျင်ဓာတ်များကြောင့် ပင်လယ်သမုဒ္ဒရာနှင့် မြစ်ချောင်းများတွင် Dead zonesများ ဖြစ်ပေါ်လာသည်။ ယင်း zoneအတွင်းတွင် အောက်ဆီဂျင်ကို အမှီပြုရှင်သန်နေရသော ရေနေသတ္တဝါလေးများ သေဆုံးကြရပါသည်။


၃။ သဘာဝသယံဇာတများ အဆမတန်ထုတ်ယူသုံးစွဲမှုများ

သယံဇာတများ အဆမတန်ထုတ်ယူသုံးစွဲမှုတွင် ထင်ရှားသည့် ဥပမာတစ်ရပ်မှာ အလွန်အမင်းငါးဖမ်းမှုများ(overfishing)ပင် ဖြစ်ပါသည်။ ဤကဲ့သို့ ငါးဖမ်းယူမှုများကြောင့် ငါးမျိုးစိတ်များ၏ မျိုးပွားမှုနှုန်းကို ပြန်လည်ကုစားရန် ခက်ခဲလာပါသည်။ ထိုငါးမျိုးစိတ်များတွင် ပင်လယ်စာကြိုက်နှစ်သက်သူအများအပြား စားသုံးကြသည့် တူနာ(Tuna)ငါးမျိုးစိတ်များ၊ ဘယ်လူဂါ(Beluga Sturgeon)ငါးမျိုးစိတ်များ ပါဝင်နေပေသည်။


၄။ ကျူးကျော်မျိုးစိတ်များ ဝင်ရောက်မှုများ (Invasive species)

ကျူးကျော်မျိုးစိတ်များ ဝင်ရောက်မှု ဆိုသည်မှာ မိမိဒေသဝန်းကျင်သို့ မိမိဒေသမှ တိရိစ္ဆာန်နှင့် အပင်မျိုးစိတ်များမဟုတ်သော မျိုးစိတ်များ ဝင်ရောက်လာခြင်း ဖြစ်ပါသည်။ ဤသည်မှာ လူသားတို့၏ တရားမဝင် သားရဲတိရိစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုများ၊ ဒေသခြားအပင်မျိုးစိတ်များကို ဝယ်ယူစိုက်ပျိုးမှုများကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ ထိုသို့ ရောင်းဝယ်မှုများသည် မိမိဒေသအတွင်းရှိ တိရိစ္ဆာန်နှင့် အပင်မျိုးစိတ်များကို အန္တရာယ်ပြုစေနိုင်သော မျိုးစိတ်များကို ဝင်ရောက်လာစေပြီး မိမိဒေသရှိ ရှိရင်းသယံဇာတမျိုးစိတ်ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေပေသည်။ . တဖန် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု(Climate Change)သည်လည်း ဇီဝမျိုးစုံမျိုးကွဲများအပေါ် သက်ရောက်မှုများ ဖြစ်‌စေပါသည်။

.

ရာသီဥတုအပူချိန်မြင့်တက်လာခြင်း‌၏ ဆိုးကျိုးကို ခံစားနေရသည့် အဓိက တိရိစ္ဆာန်များမှာ ပိုလာဝက်ဝံများ ဖြစ်ပါသည်။ မှီတင်းနေထိုင်ရာ နေရာများပျောက်ကွယ်လာခြင်းသည် ယင်းတိရိစ္ဆာန်၏ ရှင်သန်ရပ်တည်ရေးကို ဟန့်တားခြင်းပင်ဖြစ်ပါသည်။ တဖန် လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ သာမန်ထက် ပိုမိုများပြားလာခြင်းသည် ကိုအာလာ(Koala)လေးများကို အန္တရာယ်ဖြစ်စေပါသည်။ အကြောင်းမှာ ကိုအာလာလေးများ စားသုံးသော ယူကလစ်ပင်၏အရွက်များသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် ဓာတုဖွဲ့စည်းမှု ပြောင်းလဲကာ ယင်းနို့တိုက်သတ္တဝါလေးများအတွက် အဆိပ်အတောက် ဖြစ်စေသောကြောင့်ဖြစ်သည်။

တဖက်တွင်မူ ထိုသို့ အပူချိန်မြင့်မားမှုကြောင့် အခွင့်သာနေသော မျိုးစိတ်များမှာ သစ်ခေါက်ပိုးများ(Bark Beetles)များ ဖြစ်သည်။ ၎င်းတို့ပျံ့နှံ့လာသည်နှင့်အမျှ သစ်ပင်သစ်တောများ၊ အခြားတိရိစ္ဆာန်များ နေထိုင်ရာ နေရာများကို ပျက်စီး ထိခိုက်စေပါသည်။

.

ဤသို့ဖြင့် ကျွန်ုပ်တို့လူသားများကြောင့် အချို့‌သော သက်ရှိသတ္တဝါမျိုးစိတ်များ မျိုးသုဉ်းသွားခဲ့ကြပြီး အချို့မှာ မျိုးသုဉ်းနိုင်သည့် အန္တရာယ်ကို ရင်ဆိုင်နေရကြပါသည်။ ထို့ကြောင့်ရှေ့လာမည့်အနာဂတ်တွင် ထိုကဲ့သို့သော အဖြစ်အပျက်များ ထပ်မံ မဖြစ်ပေါ်စေရန် ကျွန်ုပ်တို့လူသားတိုင်းတွင် တာဝန်ရှိပါသည်။

သားငါးအလွန်အကြူးဖမ်းယူမှုများ၊ သစ်တောသစ်ပင် ခုတ်ထွင်ရှင်းလင်းမှုများ၊ တရားမဝင်‌တိရိစ္ဆာန်ရောင်းဝယ်မှုများ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုများ စသည့်အမူအကျင့်များကို တားဆီးကာကွယ်၍ သဘာဝသယံဇာတနှင့် သက်ရှိမျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် ပူပေါင်းအဖြေရှာဆောင်ရွက်သင့်ပါသည်။


သို့မှသာ ကျွန်ုပ်တို့နေထိုင်ရာ ဤကမ္ဘာမြေအား တာဝန်ယူမှုအပြည့်ဖြင့် နောင်လာနောက်သားများထံ လက်ဆင့်ကမ်းနိုင်မည် ဖြစ်ပါသည်။


"Let's not live in or on the planet earth. Let's live with the planet earth."-Bonnie Lei


ရတနာ မှ ပြုစုရေးသားသည်။


ကိုးကားကျမ်း - California Academy of Sciences , DW News , World Wildlife Fund(WWF)

#EHSMyanmar